Monday, October 11, 2010

တောင်ကြီး တန်ဆောင်တိုင်.

ကျွန်မကို လူမျိုးစွဲ ရှိတယ်ပဲပြောပြော၊ ဒေသစွဲ ရှိတယ်ပဲပြောပြော တောင်ကြီး အကြောင်းဆိုရင် နေ့တောင်အကူး မခံနိုင်လောက်အောင် ကြွားချင်... အဲ ပြောချင်နေသူပါ။ တောင်ကြီးကဟေ့ ဆိုတာနဲ့ ရှည်ရှည်ဝေးဝေး စဉ်းစား မနေတော့ဘဲ ခင်ပစ်တတ်ကြပါတယ်။ ကျွန်မတင် မဟုတ်ပါဘူး။ တောင်ကြီးကလူတိုင်း ဒီလို ဖြစ်တတ်ပါတယ်။ လူမျိုးစွဲ၊ ဒေသစွဲ မဟုတ်ဘဲ အိမ်မှာ အတူနေတဲ့ မောင်နှမတွေ အပြင်မှာ လာတွေ့ကြတဲ့ ပုံစံမျိုးပါ။ တောင်ကြီးက လူတွေ စည်းလုံးကြောင်း ဟိုးအရင် မောင်မောင်သန်း ဆပ်ကပ် မီးရှို့ခံရတာကိုက ရာဇ၀င်လိုလို ပုံပြင်လိုလို သက်သေထူနေပါတယ်။ တခါက စတိတ်ရှိုး သွားကြည့်ဖူးတယ်။ တခြား အဆိုတော်တွေ တက်တော့ ဆင်းဆင်းဆိုပြီး အော်ကြတယ်။ စိုင်းထီးဆိုင်နဲ့ လေးဖြူဆိုရင် ငြိမ်နေကြပြန်ရော... ဒီလိုလုပ်တာ မကောင်းမှန်း သိပေမယ့် တောင်ကြီးကလူတွေ ဒေသစွဲ လူမျိုးစွဲ ရှိတယ်လို့ ပြောလိုက်ရင် လွန်မယ်မထင်ပါဘူး။ အောက်ပုံတွေက တန်ဆောင်တိုင်ပွဲက ပုံတွေပါ.. ဒီကနေ ကူးယူထားပါတယ်။ တခြားပုံတွေလဲ ရှိပါသေးတယ်။





တနှစ်ထက်တနှစ် အရည်အသွေးတွေနဲ့ အကောင်တွေ ပိုစုံလာပါတယ်။ ရှမ်းပြည်နယ်ရဲ့ အလံကို အကောင်တွေရဲ့ ကိုယ်ပေါ်မှာ တွေ့နိုင်ပါတယ်။


ဒါက မီးပုံးပျံ အပေါ်တက်နိုင်ဖို့ အရှို့ခံလိုက်ရမဲ့ မရှိမဖြစ် မီးစာပါ...



မီးပုံးပျံအောက်မှာ အလှချိတ်တဲ့ မီးတွေပါ..... ဖယောင်းတိုင်မီးခွက်နဲ့ လေထီးလေးတွေပါ။




အလှချိတ်မီးကို မီးပုံးပျံအောက်မှာ တွေ့နိုင်ပါတယ်။



ပဒေသာပင် လှည့်နေတာပါ။ သူတို့ရဲ့ ကိုယ်ပေါ်ကနေ ကျွန်မရဲ့ ကျောင်းနေတုန်း ဘ၀ကို ပြန်မြင်ယောင်မိ စေပါတယ်။

လှလှပပ တက်သွားတဲ့ မီးပုံးပျံတွေ၊ ထမ်းသွားတဲ့ ပဒေသာပင်တွေသာ ကျွန်မတို့ မြင်ကြရတာပါ။ အဲလို မီးပုံးပျံ အပေါ်ကိုတက်နိုင်ဖို့ သူတို့ ဘယ်လောက် အပင်ပန်း ခံခဲ့ရတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ကြပါဘူး။ ကောင်းကင်ပေါ် မတက်ခင် မီးလောင်ခံခဲ့ရတဲ့ မီးပုံးပျံတွေ ဘယ်လောက်ရှိမလဲ....

နိုင်းနိုင်းစနေ အတိုးတက်ဆုံးမြို့က တောင်ကြီးမြို့

ကျွန်မရောက်ခဲ့တဲ့နေရာ


"မြန်မာနိုင်ငံရဲ့ အတိုးတက်ဆုံးမြို့က ဘယ်မြို့လဲ? တောင်ကြီးလား" တဲ့... အမည်မသိက ကော်မန့်ရေးပါတယ်။ အတိုးတက်ဆုံးမြို့က တောင်ကြီးမြို့ပါလို့ ကျွန်မ မပြောရဲဘူး။ ဒါပေမယ့် ကျွန်မရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ အသန့်ရှင်းဆုံးမြို့ကိုပြပါဆိုရင် တောင်ကြီးမြို့ကို ပြရလိမ့်မယ်။

ခရီးထွက်ရတာကို ကျွန်မကြိုက်တယ်။ အထူးသဖြင့် မြန်မာပြည်က မရောက်ဖူးသေးတဲ့နေရာတွေကို ကျွန်မ အရမ်းသွားချင်တယ်။ ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်ဖြစ်ခဲ့တဲ့ (၂)နှစ်အတွင်းမှာ နေရာတော်တော်များများကို ကျွန်မရောက်ဖြစ်ခဲ့တယ်။ (ဒါတောင် အဖော်မရှိလို့.. အဖော်ရှိရင် မြန်မာပြည်ကို တစ်ပတ်ပတ်ပြီးလောက်ပြီ)

ခရီးသွားရတာ ကျွန်မပျော်တယ်။ မရောက်ဖူးတဲ့ဒေသက လူတွေရဲ့
အလေ့အထ၊ စားစရာတွေ ကြည့်ခွင့်၊ စားခွင့်ရတယ်။ မမြင်ဖူးတဲ့ ရှုခင်းတွေမြင်ရတယ်။ စိတ်အပြောင်းလဲဖြစ်တယ်။ ခရီးသွားဖော်ချင်း ခင်မင်ရင်းနှီးခွင့် ရတယ်။

ရှမ်းပြည်နယ် မြေပုံ

ရောက်ခဲ့ဖူးတဲ့နေရာက ကျွန်မမြင်တွေ့ခဲ့သမျှ ချရေးရရင် ပထမဦးဆုံး ရှမ်းပြည်နယ်အကြောင်းကို ရေးချင်ပါတယ်။ ရှမ်းပြည်ကို ရှမ်း/ရှေ့၊ ရှမ်း/တောင်၊ ရှမ်း/မြောက်ဆိုပြီး ခေါ်ဝေါ်ကြတယ်။ (လူတစ်ယောက် ကျွန်မကိုမေးဖူးတယ်။ ရှမ်းပြည်ကို ဘာလို့ အဲဒီလိုခွဲတာလဲ? အချင်းချင်း မတည့်ကြလို့လားတဲ့။ မဟုတ်ပါဘူး... ရှမ်းပြည်နယ်ကကြီးတော့ မှတ်ရလွယ်အောင် ခေါ်တာပါ)


ရှမ်း/ရှေ့က ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းလားဖက်ဖြစ်တယ်။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ နီးတယ်။ တိုင်းရင်းသား အများဆုံးရှိတဲ့နေရာဖြစ်တယ်။ တောင်ကြီးမြို့ကို ကားနဲ့ပြန်ဖြစ်တော့ အဲဒီဖက်က ရှုခင်းတွေ တော်တော်လှတာကို တွေ့ရတယ်။ ရှမ်း/ရှေ့က သဘာဝစမ်းရေတွေပေါတယ်။ မြစ်၊ ချောင်းတွေမှာ ရေပြတ်တယ်လို့ မရှိဘူး။ လမ်းတစ်လျှောက်က ရွာငယ်တွေမှာ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်မီးတွေနဲ့ ထိန်ထိန်ဝင်းတာကို တွေ့ခဲ့တယ်။ အမြဲစွတ်စိုတဲ့ဒေသဖြစ်လို့ တောတောင်တွေ စိမ်းလန်းတယ်။ လမ်းကောင်းတယ်။


ရှမ်း/ရှေ့ရဲ့ အစားအစာတွေကို ပြောရရင် ကျွန်မရောက်ဖူးသမျှ ဒေသတွေထဲမှာ စားစရာအစုံဆုံးနဲ့ စားလို့အကောင်းဆုံးလို့ ပြောရမယ်။ ရှမ်းအစားအစာ အစုံဆုံးနေရာဖြစ်တယ်။ အဲဒီဒေသမှာ နေဖူးသူတွေ အဲဒီဒေသက အစားအစာတွေကို အမြဲတမ်းတတတ်တယ်။

ကွန်ဟိန်းတံတား

ရှမ်း/ရှေ့နဲ့ ရှမ်း/တောင်ကို သံလွင်မြစ်ကူး တာကော်တံတားနဲ့ ပိုင်းခြားထားတယ်။ ရှမ်း/တောင်က ကွန်ဟိန်း၊ နမ့်စန်၊ မိုင်းရှုး၊ တောင်ကြီးဖက်ဖြစ်ပါတယ်။ တာကော်တံတားကျော်တာနဲ့ လမ်းစဆိုးတယ်။ ကျွန်မစီးခဲ့တဲ့ ကားဆရာက "တောင်ပိုင်းသားဖြစ်ရတာ မျက်နှာငယ်တယ်ကွာ။ တောင်ပိုင်းထဲ ဝင်လာတာနဲ့ လမ်းစစုတ်လို့" လို့ ပြောတယ်။ တကယ်လည်း တချို့နေရာတွေဟာ ဒါကတ္တရာလမ်းပါလို့ ကျိန်ပြောရင်တောင် ယုံချင်စရာ မကောင်းလောက်အောင် စုတ်ပြတ်ပါတယ်။ ရှမ်း/တောင်က ပူပြင်းခြောက်သွေ့တယ်။ တချို့နေရာမှာ မြေနီတယ်။ တောတောင်တွေ ခြောက်ကပ်တယ်။ မြို့တော်တောင်ကြီး၊ အင်းလေးကန်နဲ့ မိုင်းရှုးကျောက်ကြောင့် ဒီဖက်ဒေသ လူပိုစည်တယ်။ လူမျိုးပေါင်းစုံတော့ အစားအစာတွေလည်း အစုံပဲ.... (ဒါပေမယ့် ရှမ်း/ရှေ့လောက် စားမကောင်းဘူး)

ရှမ်း/မြောက်နဲ့ ရှမ်း/တောင်ကို ကျောက်မဲက စခွဲတယ်ထင်တယ်။ (မသေချာဘူး) ။ အစက မေမြို့(ပြင်ဦးလွင်) လည်း ရှမ်းပြည်နယ်ထဲမှာပဲ။ နောက်မှ မန္တလေးတိုင်းထဲ ပါသွားတယ်။ ရှမ်း/မြောက်က သီပေါ၊ နောင်ချို၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်းဖက်ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ နီးတယ်။ လမ်းကောင်းတယ်။ ရှုခင်းလှတယ်။ ရှမ်း/ရှေ့ထက် လမ်းကောက်ကောက်ကွေးကွေးများတော့ ပိုလှတယ်။ သိပ်မစွတ်စိုသလို သိပ်မခြောက်သွေ့ဘူး။ တရုတ်နိုင်ငံနဲ့နီးတော့ တရုတ်အစားအစာစုံတယ်။

ကျွန်မ မြင်သမျှရှမ်းပြည်က ဒီလောက်ပါပဲ။ မြေပြန့်အနေနဲ့က မန္တလေးကို ရောက်တယ်။ ကျွန်မတွေ့ခဲ့တာလေး ပြောရရင် မန္တလေးက စဝင်တာနဲ့ ကားပေါ်ကနေ မြောင်းပုပ်နံ့ရတယ်။ ခြင်များတယ်။ ရေမစီးတဲ့ မြောင်းပုပ်များတယ်။ အဲဒီမြောင်းပေါ်မှာပဲ ဝါးကတ်ခံပြီး ဝက်သားတုတ်ထိုး ရောင်းကြတယ်။ ဒေသခံတွေက အနံယဉ်နေလို့လားမသိဘူး။ ဘာမှမဖြစ်ဘဲ ဝက်သားတုတ်ထိုး၊ ကြာဆံကြော်ကို ယင်ကောင်တဝဲဝဲနဲ့ အားရပါးရ ဝယ်စားကြတယ်။ မြင်ခဲ့သမျှလေးပါ။ မန္တလေးမှာ ၂ ညပဲ တည်းခဲ့တယ်။

ရန်ကုန်... မပြောတတ်ဘူး။ ပြောပြန်ရင် မြို့တော်သိက္ခာကျတယ်။ ဘလက်ဖောင်းတွေ မကောင်းဘူး။ မိုးကြီးရင် ရေကြီးတယ်။ မြောင်းပိတ်တယ်။ လမ်းထိပ်တိုင်းမှာ အမှိုက်ပုံရှိတယ်။ ပူတယ်။ အနံ့အသက် မကောင်းဘူး။ ညစ်ပတ်တယ်။

ထားဝယ်.... သူနေရာနဲ့သူတော့ အဆင်ပြေနေတာပဲ။ ပူတယ်။ တစ်မြို့လုံးနီးနီး ထားဝယ်စကားပဲ ပြောကြတယ်။ ပင်လယ်နဲ့နီးတော့ ငါး၊ ပုစွန်ပေါတယ်။ လမ်းမကောင်းဘူး။ ဒေသအစားအစာ စုံတယ်။ ထူးထူးဆန်းဆန်း အစားတွေများတယ်။ သိပ်မစားတတ်ဘူး။

လပွတ္တာ... အပူဆုံးနေရာဖြစ်မယ်။ ကျွန်မမြင်မိသလောက် လက်လုပ်လက်စား ဆင်းရဲသားများတယ်။ နာဂစ်မုန်တိုင်းထိထားလို့ ခုမှ နလံထစဖြစ်မယ်။ ပင်လယ်နဲ့နီးတော့ ငါး၊ ပုစွန်ပေါတယ်။

မကွေး၊ မင်းဘူး၊ မန်းစက်တော်.... ပို့စ်ထဲမှာ ရေးခဲ့ဖူးတဲ့အတိုင်းပါပဲ။ ခဏလေးပဲ ရောက်ခဲ့တယ်ဆိုတော့ မြင်တာလေးပဲ ပြောနိုင်ခဲ့တယ်။ ရှမ်းပြည်သူမို့လားမသိဘူး။ မြေပြန့်က ရောက်ခဲ့တဲ့နေရာတိုင်း ကျွန်မအတွက် ပူတာချည်းပဲ။ တချို့နေရာတွေဆို ခေါင်းကိုက်အောင် ပူတယ်။ မခံနိုင်ဘူး။ ဒါပေမယ့် မရောက်ဖူးတဲ့နေရာတွေမို့ ပျော်ပါတယ်။ ရောက်ဖြစ်ခဲ့တဲ့ တချို့မြို့သေးသေးလေးတွေကို မရေးတော့ဘူး။

ခရီးထွက်တဲ့အကျိုးက မတူတဲ့ဒေသက မတူတဲ့လူနေမှုစရိုက်၊ အစားအစာ၊ စားဝတ်နေရေး၊ အကျင့်စရိုက်တွေကို ဖလှယ်ခွင့်ရတယ်။ ရင်းနှီးခွင့်ရတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကို သိပ်ကြီးကျယ်မနေသင့်မှန်း၊ သိပ်မတောင်းဆို၊ မတောင့်တသင့်မှန်း သိလာရတယ်။

နိုင်းနိုင်းစနေ

နိုင်းနိုင်းစနေ

လာ ကျွန်မနဲ့လိုက်ခဲ့...


လမ်းလျှောက်ထွက်ဖြစ်တဲ့ တစ်ညနေက ရိုက်ခဲ့တဲ့ တောင်ကြီးမြို့ပုံလေးတွေပါ။ တောင်ကြီးမြို့ကို လွမ်းနေသူတွေ ကျွန်မနဲ့အတူ လမ်းလျှောက်လိုက်ခဲ့ပါ။း)

ကျွန်မက သစ်တောရပ်ကွက်မှာ နေသူဆိုတော့ သစ်တောရပ်ကွက်ဝန်းကျင်တွေလောက်ပဲ ပိုရောက်ဖြစ်တယ်။ အိမ်ကထွက်ပြီး အရှေ့မြို့ပတ်လမ်းအတိုင်း ကျွန်မတို့လမ်းစလျှောက်ဖြစ်တယ်။ ဒီပုံက အမှတ်(၁) နားကပါ။ မှတ်မိကြမယ် ထင်ပါတယ်။

အမှတ်(၁)ကနေ ဘယ်ကွေ့ပါတယ်။ အရင် Fame လက်ဖက်ရည်ဆိုင်တစ်ဝိုက်ပါ။


အဲကမှ ညာကွေ့ပါတယ်။ ဘောလုံးကွင်းနားက တိုက်တန်းတွေပါ။



အမှတ်(၁)နဲ့ ဘောလုံးကွင်းက လမ်းလေးပေါ့။ အရင် ဒီနေရာမှာ ချုံတွေချည်းပဲ
ကျောင်းလစ်တိုင်း ကျွန်မထိုးထိုးထွက်ခဲ့တဲ့ နေရာလေးပါ...

မြို့ပတ်လမ်းအတိုင်းပဲ ဘယ်ကွေ့ပြန်တယ်။ ဘာဂါဟောက်စ်သွားတဲ့ လမ်းလေးပေါ့...

ဘာဂါဟောက်စ်ကို လူများနေလို့ ရှေ့တည့်တည့်က မရိုက်ရဲဘဲ နောက်ပြန်ရိုက်ခဲ့ပါတယ်

ဘာဂါဟောက်စ် အလွန်လေးနားမှာ...
ဒီနေရာက ဘယ်ခါကြည့်ကြည့် တောင်ချွန်းနဲ့မို့ အမြဲလှတယ်

ဘယ်ညာ ဘယ်ညာနဲ့ အိမ်တော်သွားတဲ့လမ်းဖက် ဆက်လျှောက်ပါတယ်

အိမ်တော်ထဲဝင်မယ်....
အိမ်တော်က ချုံတွေချည်းပဲ... အပြင်လူမဝင်ရလို့လည်း ရေးထားသေးတယ်
ဘာဖြစ်လဲ ခပ်တည်တည်ဝင်ပြီး တစ်ပတ်ပတ်ခဲ့တယ်။
သရဲခြောက်မလားတောင် ထင်ရတယ်။ အရင်တုန်းကနဲ့ တခြားစီပဲ


ညနေမို့ အိမ်တော်အထွက်လမ်းက လူသူကင်းရှင်းနေတယ်
မနက်ဆိုရင် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်သူတွေနဲ့ ပြည့်လို့...

ညာကွေ့ပြီး မင်းလမ်းအတိုင်း အောက်ကိုဆင်းမယ်...

စာတိုက်ကြေးနန်းရုံး


မင်းလမ်းအတိုင်းပဲ တောက်လျှောက်ဆင်းမယ်။ ပလက်ဖောင်းကျယ်ကျယ်နဲ့ ကောင်းကောင်းမို့ လမ်းလျှောက်ရ ကောင်းတယ်

ဗိုလ်ချုပ်ပန်းခြံထောင့် မီးပွိုင့်ကနေ ညာချိုးမယ်

အမှတ်(၁)ကို တစ်ပတ်ပတ်ပြီးသားဖြစ်ရော.....

အဲဒီကနေ မြို့ပတ်လမ်းအတိုင်း ဆက်လျှောက်တယ်
အ.လ.က (၁၁) ကျောင်းရှေ့က တိုက်တန်းတွေပေါ့

အဆုတ်ဆေးရုံထောင့်က မီးပွိုင့်
အဲဒီစဥ့်အိုးနေရာမှာ အရင်က ၈လေးလုံး တိုင်စိုက်ဖူးတယ်..
ဒါပေမယ့် ခဏလေးပဲ.. ပန်းတွေစိုက်လိုက်.. စဥ့်အိုးဖြစ်လိုက်ပေါ့

မီးပွိုင့်ကနေ အပေါ်ကိုတက်တယ်
ရေထွက်ဦးလမ်းအတိုင်းပေါ့

အမှတ်(၄)နားက ထွန်းဆေးရုံနဲ့ ကျိုင်းတုံဘုန်းကြီးကျောင်း
ရေထွက်ဦးလမ်းအတိုင်း တောက်လျှောက်တက်သွားရင် အိမ်ရောက်ပြီ

ဒါက ဈေးထဲရောက်ဖြစ်တဲ့နေ့က
သုံးထပ်ဈေးနဲ့ ညဈေးကူးတဲ့ နေရာ
သုံးထပ်ဈေးကနေ အပေါ်ဖက်ကို ရိုက်ပါတယ်

သုံးထပ်ဈေးကနေ အောက်ဖက်ကိုရိုက်ပါတယ်
ဒီနေရာတစ်ဝိုက် ကျွန်မ တောင်ကြီးပြန်ရောက်စက မမှတ်မိဘူး
တိုက်တွေ မှိုလိုပေါက်လာလို့

မြို့လယ် ဓမ္မရုံ

ဒါက နိုင်ငံခြားက ပြန်လာတဲ့ အင်းသားကောင်လေးတစ်ယောက်နဲ့
တက္ကသိုလ်ဖက် သွားခဲ့တဲ့နေ့က

စောစီဖက်ဖြစ်ပါတယ်

ဂေါက်ကွင်းကို ပတ်ပြီးဖောက်ထားတဲ့လမ်း
အရင်က ဒီလမ်းရှိမရှိ မသိဘူး.. ဒီနေရာမှာ ရှုခင်းအရမ်းလှတယ်...
နေကြာရိုင်းတွေ ပွင့်တဲ့အချိန်ဆို တစ်တောင်လုံး ဝါလို့...

အဲဒီလမ်းကနေ တောင်ချွန်းနဲ့ စူဠမုနိဘုရားကို ပုံရိုက်ဖြစ်တယ်

တောင်ကြီးတစ်မြို့လုံးကို ရိုက်ချင်ပေမယ့် အချိန်မရှိတာရယ်၊ တစ်ယောက်တည်းဖြစ်နေတာရယ်ကြောင့် မရိုက်ဖြစ်ဘူး။ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွက် မီးပုံးပျံတွေ လုပ်နေတဲ့ပုံတွေလည်း ရိုက်ချင်ခဲ့တာ.. ဒါပေမယ့် အချိန်မရတာနဲ့ မရိုက်ဖြစ်ခဲ့ဘူး။ အမြဲလိုလို ရောက်ဖြစ်တဲ့နေရာတွေလောက်ပဲ ရိုက်ဖြစ်ခဲ့တယ်။ တောင်ကြီးကို လွမ်းနေသူတွေ ကျွန်မနဲ့လိုက်ခဲ့ရတာ ပျော်ရွှင်ပါစေ...း)

နိုင်းနိုင်းစနေ

Friday, September 24, 2010

ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်

လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။



အပေါ်ယံလေ့လာသင်ယူခြင်း


ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။

ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။

နက်ရှိုင်းစွာလေ့လာသင်ယူခြင်း
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

ပညာလေ့လာသင်ယူခြင်းမှာ ဖြတ်လမ်းလိုက်တတ်တဲ့ အကျင့်ဆိုးဟာ မိမိကိုယ်တိုင်ကိုသာမက အများကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ ဥပမာ- နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု indicators တွေပေါ်မှာ အခြေခံပြီး Multivariate analysis လုပ်တယ် ဆိုပါစို့။ ပညာလေ့လာသင်ယူမှုမှာ ဖြတ်လမ်းလိုက်တတ်သူဟာ ဒီလိုဆန်းစစ်ချက်စာတမ်း တချို့ကို ဖတ်မှတ်၊ အရေးပါတဲ့ အချက်တွေကို ဆွဲနှုတ်ပြီး၊ ဒီအကြောင်းကို သိသယောင်ယောင်နဲ့ တတ်ယောင်ကား လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာဆန်းစစ်ချက်လုပ်နိုင်မယ့် အခြေခံသဘောတရားတွေဖြစ်တဲ့ variable approximations, dimension reductions, linear combinations for separation, Higher-dimensional approximations, allocation rules, misclassification စတာတွေကို သဘောမပေါက်တဲ့ အခါကျတော့ လက်တွေ့ပြုလုပ်ရတဲ့ အခါမှာ ကိုးရို့ကိုးယားတွေ ထွက်လာတတ်ပါတယ်။ သိပ္ပံပညာရပ်မှာပဲဖြစ်ဖြစ်၊ ၀ိဇ္ဇာ ပညာရပ်မှာပဲ ဖြစ်ဖြစ် အခြေခံသဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ ဖြတ်လမ်းလိုက် ဆရာလုပ်လိုသူတွေ များလာတဲ့အခါ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာသာမက၊ ပညာရပ်နဲ့ လက်တွေ့ဆက်စပ်နေတဲ့ အသုံးချမှု နယ်ပယ်တွေမှာပါ ကသောင်းကနင်း ဖြစ်နေတတ်ပါတယ်။ ဖြတ်လမ်းလိုက်ခြင်းဟာ လူတဦးတည်းအတွက်သာမက အများပြည်သူကိုပါ ဒုက္ခရောက်စေတတ် ပါတယ်။ ဒါကြောင့် နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်းကို ပညာလေ့လာသူအများက အသုံးပြုကြဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။

နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တရပ်ဖြစ်တဲ့ higher-order thinking (အတွေးအခေါ် အဆင့်အတန်း မြင့်မားမှု) ကိုလဲ ထောက်ကူပေးနိုင်ပါတယ်။ အတွေးအခေါ် အဆင့်အတန်း မြင့်မားသူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အိုင်ဒီယာတွေကို အစဉ်အလာ ဓလေ့ထုံးစံကြောင့် ဆိုပြီးတော့လဲ လက်ခံလေ့မရှိပါဘူး။ ဘယ်သူပြောတဲ့ အဆိုအမိန့်စကား ဆိုပြီးတော့လဲ မျက်စိမှိတ်ယုံကြည်လေ့ မရှိပါဘူး။ အိုင်ဒီယာသဘောတရားတွေကို စနစ်တကျလေ့လာပြီးမှ လက်ခံကျင့်သုံးလေ့ရှိကြပါတယ်။ လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမှုရှိမရှိ ပြန်လှန်သုံးသပ်လေ့ရှိကြပါတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အတွေးအခေါ်သစ်တွေကို ကြံဆရှာဖွေလေ့ရှိကြပါတယ်။ ဝေဖန်ဆန်းစစ်ခြင်း (Critical thinking) ကို ကျင့်သုံးလေ့ရှိကြပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် နက်ရှိုင်းစွာ သင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းဟာ အပေါ်ယံသင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းတွေထက် ရေရှည်မှာ ပိုမို တိုးတက်ကောင်းမွန်တတ်တာကြောင့် နက်ရှိုင်းစွာ သင်ယူလေ့လာသူတွေ များပြားတဲ့ လူအဖွဲ့ အစည်းဟာ အာဂုံဆောင် အလွတ်ကျက်ပြီး အပေါ်ယံသင်ယူလေ့လာသူတွေ များပြားတဲ့ လူ့အဖွဲ့ အစည်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။ ဒါကြောင့် ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ် ခွဲခြားမှု ကို အသုံးပြုပြီး လူတဦးချင်းစီရဲ့ အရည်အချင်းတွေကို လေ့လာသုံးသပ်နိုင်ရုံမက၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခန့်မှန်းတွက်ချက်လို့ ရနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

Critical Thinking ဆိုတာ

ပထမ။ လူ့ဘ၀ဆိုတာ တစ်ဖြောင့်တည်း တစ်လျှောက်လုံး အဖုအထစ် အချိုင့်အ၀ှမ်းမရှိ ပြေပြစ်ချောမွေ့ သာယာ ချမ်းမြေ့နေတဲ့ ထာဝရလမ်းကြောင်းကြီး မဟုတ်ဘူး။

လမ်းကြောင်းရှိတာ မှန်တယ်။ တကယ်ရှိတယ်။ ခန့်ခန့်ညားညားဖြစ် အောင်ပြောရရင်တော့ ဘ၀ … ပေါ့။ လမ်းကြောင်းရှိသလို တကယ်စစ်မှန်တဲ့ ခရီးဆုံးပန်းတိုင်လဲ တကယ်ရှိတယ်။ ဗုဒ္ဓ ဘာသာအလိုအရတော့ မဂ်ဖိုလ်နိဗ္ဗာန်ပေါ့။ ခက်နေတာက လမ်းခုလပ်မှာ အခက်အခဲ အတားအဆီးတွေရှိတယ်။ ဒါလဲ လမ်းကြောင်းနဲ့ ခရီးဆုံးပန်းတိုင်လို တကယ်ရှိတယ်။ ရှိတော့ ရင်ဆိုင်ရတော့တာပေါ့။ အချိန်အခါ နေရာဒေသ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး။ ဒါပေမယ့် လူတိုင်းတစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာမှာတော့ တွေ့ကြမှာ ပဲ။ တစ်ချို့အတွက်ကြတော့ တစ်ချိန်တစ်နေရာတောင် မဟုတ်ဘူး။ နှစ်ချိန်နှစ်နေရာ၊ သုံးချိန်သုံးနေရာ စသည်ဖြင့် ပွားပွား သွားတတ်တယ်။ ကံဆိုးမသွားလေရာ မိုးလိုက်ရွာဆိုတဲ့ ရိုးရာစကားထဲကလိုဖြစ်တယ်။ အဲဒါကို အင်္ဂလိပ်လိုတော့ CRISIS လို့ ခေါ်တယ်။ ဒီတော့ Crisis ဆိုတာ လူတိုင်းတွေ့ရမယ်။ တစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နေရာမဟုတ်တစ်နေရာ မတွေ့မရှိ တွေ့ရမှာပဲ။ လူဆိုတာ Crisis နဲ့ တွဲနေတယ်လို့တောင် ပြောလို့ရတယ်။ အဲဒီ Crisis ကို ကျော်လွှားဘို့ တွေးလာတာ ဉာဏ် ထုတ်လာတာ အသိပွင့်လာအောင် ထိုးဖောက်လာတာတွေဟာ Critical Thinking အတွက် ပထမအချက်ဖြစ်တယ်။

ဒုတိယ။ Critical Thinking မှာ ဘယ်တော့မှ အရှုံးဆိုတာ မရှိဘူး။ အနိုင်ပဲရှိတယ်။ တစ်ဖြောင့်တည်းမဟုတ်တဲ့ လောကကို တရားသေတစ်ခုခုကို ကိုင်စွဲပြီး မိုက်မိုက်ကန်းကန်း ၀င်တိုက်မနေလို့ပဲ။ Critical Thinking ရဲ့ အလုပ်ကိုယ်၌က ၀င်တိုက်နေဘို့ မဟုတ်ဘူး။ အတားအဆီး အခက်အခဲကို ကျော်လွှားလွန်မြောက်အောင်မြင်သွားဘို့။ သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ အမှန်တော့ အောင်မြင်မှုမှန်သမျှဟာ Critical Thinking ကြောင့် ဖြစ်ရတာချည်းပါပဲ။ ဒီလို စဉ်းစားကြည့်ပါ Critical Thinking မပါပဲ အလုပ်တစ်ခုလုပ်ကြည့် ဘယ်လိုမှအောင်မြင်မှာ မဟုတ်ဘူးဆိုတာ တွေ့လာရလိမ့်မယ်။ စကား အကုန်ပြောလိုက်မယ်။ စကြာဝဠာ ဒါမှမဟုတ် ကမ္ဘာမှာလူရယ်လို့ ပထမဦးဆုံး ပေါ်လာပြီး အဲဒီ ပထမဆုံး လူသားဟာ အသက်ဆက်ရှင်ချင်စိတ်မရှိဘူးဆိုရင် လူဆိုတာဘယ်မှာမှ ရှိတော့မှာမဟုတ်ဘူး။ Critical Thinking ဆိုတာ စိတ်ထဲ ဖြတ်ကနဲပေါ်လာလိုက်လို့သာ ငါဆက်အသက်ဆက်ရှင်မယ်ဆိုပြီး ယခုထိ လူဆိုတာရှိနေခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် အောင်မြင်သော လူသားလို့ဖြစ်တည်လာခြင်းဖြစ်တယ်။ ဒါကြောင့်မို့ Critical Thinking မှာ အောင်မြင်မှုပဲရှိတယ်။ အရှုံးဆို တာလုံးဝမရှိဘူး။ ဒါ ဒုတိယအချက်။ ကဲ .. ဘယ်လောက်ကောင်းလိုက်တဲ့ Critical Thinking ပါလဲဗျာ။ ကျနော်တို့ သတိမမူ ဂူမမြင် ဖြစ်နေခဲ့တာပါ။


တတိယ။ ဒီတတိယအချက်ဟာ အရေးအကြီးဆုံးဖြစ်တယ်။ ပထမတွေ၊ ဒုတိယတွေ ဘယ်လောက်ကောင်းနေပါစေ ဒီတတိယအချက် မပါရင်အလကားဖြစ်သွားတယ်။ လူဟာ တိရစ္ဆာန်ဖြစ်သွားတယ်။ ကမ္ဘာမှာ စစ်ပွဲတွေ စစ်အာဏာရှင်တွေ ဖြစ်ဖြစ်လာတာဟာ ဒီတတိယအချက်ကို ပစ်စလက်ခတ်သဘောထားခဲ့ကြလို့ … လို့ တောင်ပြောနိုင်တယ်။ Critical Thiniking အဲဒီလောက်ထိ မြင့်မားဂုဏ်ရှိပါတယ်။ ဒါဖြင့် အဲဒီတတိယအချက်က ဘာလဲ။ လွယ်လွယ်လေး ပထမပြောမယ်။ နောက်မှတစ်ဆင့်တက် နည်းနည်းပြောမယ်။ လွယ်လွယ်လေးပြောရရင်တော့ တတိယနဲ့ အရေးကြီးဆုံးအချက်ဟာ ကိုယ်ချင်းစာတရားဆိုတဲ့ လူ့စိတ်ထားလေးပါပဲ။ စိတ်ထားကောင်း စိတ်ထားမြတ်ကလေးပါ။ လူတွေက ပေါ့ပေါ့လေးထားလို ထား ခပ်ဖွဖွလေးသုံးလိုသုံး ခပ်မှိန်မှိန်လေး လျှော့လိုလျှော့ထားလို့သာ ရှိတော့ရှိ၊ ကောင်းတော့ကောင်းပါရဲ့ အေးဆေးပေါ့ ဆိုတဲ့သဘောမျိုး ဘေးဖယ်ခံထားရတဲ့ ကုသိုလ်စိတ် ကုသိုလ်တရား အကောင်းစားလေးပါ။ သူ့တန်ဖိုးနဲ့သူ သူ့နေရာနဲ့သူ ပြန်တင်ပေးလိုက်ပါ။ လောကကောင်းသွားမှာ သေချာပေါက်အာမခံနိုင်တဲ့ လူ့လောကမဏ္ဍိုင်တစ်ခု ဖြစ်သွားပါ့မယ်။ ဒါကို ကျနော်တိုပ မမေ့သလိုလိုနဲ့ တကယ်တော့ မေ့နေခဲ့ကြတယ်။ မမေ့ကြပါနဲ့စို့။

ခုလိုစဉ်းစားကြည့်ပါ။ ခင်ဗျားဟာ ကျောင်းဆရာတစ်ယောက် ဆိုပါစို့။ ကျောင်းသားတွေကို ပညာတတ်ကြီးဖြစ် အောင် စာသင်ပေးရတော့မယ်။ ဘယ်ကျောင်းသားမှ ကိုယ့်သားသမီးအရင်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူစိမ်းလိုလဲ သဘော ထားလို့မရတော့ဘူး။ အဲဒီတော့ အကောင်းဆုံးကဘာလဲ။ ကိုယ့်ကျောင်းသားတွေကို ကိုယ့်သားသမီးအရင်းလို သဘောထား ပြီး စာသင်ပေးဘို့ပဲကျန်။ အဲဒီ ကိုယ်ချင်းစာတရားပါပဲ။ ကိုယ်ချင်းစာတရားနဲ့ စာသင်ပေးတာလောက်ကောင်းတဲ့စိတ်ထား ဘယ်လိုရှိဦးမှာလဲ။ အမျိုးသားပညာရေးနှင့် ကိုလိုနီပညာရေး ကွာခြားတာ ဒီကိုယ်ချင်းစာတရားလေးပါပဲ။ ကိုယ်ချင်းစာ စိတ်ထားကြောင့်သာ အမျိုးသားပညာရေးဟာ ကိုလိုနီကျွန်ပညာရေးထက် အဆင့်မြင့်သွားခြင်းဖြစ်တယ်။ လွတ်လပ်ရေးဟာ လဲဒါကြောင့် ရလာရတယ်။

ကဲအခုနက်နက်နဲနဲ ပြောတော့မယ်။ ကိုယ်ချင်းစာတရားဆိုတာ မြန်မာတို့ရဲ့ ရိုးရာဗြဟ္မစိုရ်တရားလေးပါးဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ရဲ့ အကိုင်းအခက်တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာလဲ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာမှာပဲရှိတယ်လို့ ကျနော် ထင်တယ်။ သုတေသနနဲ့တော့ စစ်ကြည့်ရဦးမယ်။ ဒါထားပါတော့။ နောက်ကြလုပ်လို့လဲ ရပါတယ်။ စကားသိပ်ရှည်နေရင်တော့ မေ့သွားတတ်ကြတယ်။ ဒီလောက်ဆို တော်ပါပြီ။

နောက်ဆက်တွဲ

နောက်ဆက်တွဲလို့ သီးသန့်ခွဲပြီးပြောရခြင်းဟာ ဘာသာရပ်ရဲ့ ပင်ကိုယ်သဘာဝ၊ ပင်ကိုယ်စရိုက်တွေအပြင် ကျနော့် ကိုယ်ပိုင် ထင်မြင်ယူဆတာတွေပါ ထည့်သွင်းပါဝင်နေလို့ပါ။ ဖတ်လို့လည်းဖတ်ပါ။ မဖတ်လဲ ရပါတယ်။

ပထမဆုံး ပြောချင်တာကတော့ Critical Thinking မှာ လက်တွေ့ပါ ပါဝင်တယ်ဆိုတာပါပဲ။ အများထင်နေကြတာ က Critical Thinking ဟာ အတွေးသက်သက်ပဲလို့၊ Critical Thinking တို့ စာလုံးနှစ်လု့းရှိရာမှာ Thinking တစ်လုံးတည်း ကိုပဲ ကွက်တွေးလိုက်လို့ အဲလိုဖြစ်သွားတာ။ Critical မပါပဲ Thinking ချည်းပဲဆိုရင် သူ့ Thinking ရော ကိုယ့် Thinking ရော နှစ်ခုစလုံး မှန်နေတယ်လို့ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် အမှန်တရားဆိုတာ တစ်ခုတည်းရှိရမည်။ ဒီတော့ ဘယ်လို လုပ်မလဲ။ Thinking ကိုတော့ အားကိုးလို့ မရတော့ဘူး။ Thinking နဲ့ မရတော့ဘူးဆိုရင် တစ်ခုပဲကျန်တယ်။ လက်တွေ့နဲ့ အမှား၊ အမှန် ဆုံးဖြတ်ရတော့မယ်။ လက်တွေ့နဲ့ စမ်းကြည့်၊ စစ်ကြည့်ရတော့မယ်။ အဲဒါ Critical ကျတယ်လို့ ပြောလိုက်တာ နဲ့အတူတူပါပဲ။ တစ်ခုသတိထားရမယ်။ လက်တွေ့ချည်းပဲ ထားမယ် Thinking မပါကြေးဆိုရင်လဲ လူမိုက်တွေ ဖြစ်ကုန်မယ်။ လက်နက်ရှိတဲ့လူက လက်နက်မရှိတဲ့လူကို အနိုင်ကျင့်သလို ဖြစ်သွားမယ်။ ဒါကြောင့် Critical လဲ လိုတယ်။ Thinking လဲ လိုတယ်။ Critical Thinking မှာ လက်တွေ့ပါတယ်ဆိုတာ ဒါလောက်ဆို ရှင်းလောက်ပါပြီ။ ဒါကြောင့်မို့လဲ Critical Thinking မှာ အရှုံးမရှိတာ။

ဒုတိယပြောချင်တာကတော့ Critical Thinking ဟာ စစ်အာဏာရှင်နဲ့ တစ်ခြားစီဖြစ်တယ်။ စစ်အာဏာရှင်ဆိုတာ သူပြောပြီးရင် ကျန်တဲ့သူအားလုံးက လိုက်နာပဲ။ ပြန်မမေးနဲ့ ပြန်မပြောနဲ့။ ဒါကြောင့် စစ်အာဏာရှင်မှာ Critical Thinking မရှိဘူး။ Critical Thinking ကို သိပ်မုန်းတယ်။ Critical Thinking သမားတွေကို ဖမ်းဆီးထောင်ချတယ်။ နှိပ်စက်တယ်။ အသက်သေဆုံးသွားသည်အထိ ရက်စက်တယ်။ ဒါကြောင့်မို့လဲ လူတွေက စစ်အာဏာရှင်ကို လက်မခံနိုင်ကြတာဖြစ်တယ်။ နောက်ဆုံးတော့ Critical Thinking က စစ်အာဏာရှင်ကို နိုင်ရမှာဖြစ်တယ်။

တတိယနဲ့ နောက်ဆုံးအနေနဲ့ ပြောချင်တာက Critical Thinking ဟာ အသေးဆုံးကနေ အကြီးဆုံးအထိ သုံးလို့ ရတယ်။ သုံးလဲသုံးသင့်တယ်ဆိုတာပါပဲ။ အသေးဆုံးဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ နဲနဲ ရှင်းပြပါရစေ။ ဥပမာ .. ဒီနေ့ ဘာဟင်းချက်စားမလဲဟေ့လို့ မေးလိုက်တာဟာ Critical Thinking ကို အသုံးချလိုက်တာပဲ။ မေးသူကိုယ်၌ကတော့ Critical Thinking မှန်းသိချင်မှသိမယ်။ ကြားဖူးမှာတောင် မဟုတ်ဘူး။ ဒါပေမယ့် သူ့ဦးနှောက်က အလုပ်လုပ်တာ Critical Thinking ဖြစ်တယ်။ မနေ့ကဟင်းလဲ ဟင်းပဲလေ။ ထပ်စားလို့ရတာပဲ။ ဒါပေမယ့် အဲဒါကို သူမစဉ်းစားတော့ဘူး။ ဟင်းအသစ်ဘက်ကို လှည့်ပြောင်း စဉ်းစားတယ်။ အဲဒါ Critical Thinking ဖြစ်သွားတာပါပဲ။

အကြီးဆုံး အမြင့်ဆုံးကတော့ ကျနော် ရင်ထဲရှိသလောက် ပြောပါရစေဗျာ။ ဘုရားပွင့်တော်မူတာဟာ Critical Thinking ရဲ့ အထွတ်အထိပ် လွတ်မြောက်သွားတာလို့ ကျနော်တော့ ဆိုချင်တာ။ ဒီနေရာမှာ အနောက်နိုင်ငံတွေရဲ့ Critical Thinking သင်ရိုးနဲ့ ကျနော့် Critical Thinking ယူဆပုံ ကွာခြားသွားတယ်။ ဗုဒ္ဓဘာသာဟာ ပညာဘာသာဖြစ်တယ်။ တစ်ခြား ဘာသာတွေဟာ အာဏာဖြစ်တယ်။ ဒါလောက်တော့ မပြောမဖြစ် ပြောပါရစေ။ နားလည်ခွင့်လွှတ်ပေးကြပါ။ အရဟံ ဆိုတာ သံသရာအားလုံး ဒုက္ခက လွတ်ကင်းသွားတာကိုဆိုတာ။ ဘယ်လိုနည်းနဲ့ လွတ်ကင်းတာလဲ။ Critical Thinking နဲ့ လွတ်ကင်းတာ။ တစ်နည်းပြောရရင်တော့ ၀ိပဿနာပေါ့။ သမ္မာသံဗုဒ္ဓောဆိုတာ ဆရာမရှိ မိမိအလိုလို ကိုယ်တောင်တိုင် သိမြင်တာကို ပြောတာ။ အာဏာမဟုတ်ဘူး။ ကံ၊ ကံ၏ အကျိုးတရားသဘောကို သိမြင်ပြီး ကံ၊ ကံ၏ အကျိုးတရားသဘော ကိုသိမြင်ပြီး ကံ၊ ကံ၏ အကျိုးတရားရဲ့ လက်ထိပ် သံခြေကျင်းက လွတ်မြောက်သွားတာ။ အာဏာမဟုတ်တဲ့အတွက် Critical Thinking ထဲ အကျုံးဝင်သွားတယ်လို့ ဆိုလို့ရသွားတယ်။ ၀ိဇ္ဇာစရဏ သမ္ပန္နောဆိုတာ အတွေးရော လက်တွေ့ရော ပြီးမြောက်ပြည့်စုံသွားတာကိုဆိုတာ။ ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုးပါးထဲက ဒီသုံးပါးနဲ့တင် Critical Thinking လို့ ပြောလို့ရသွားပြီ မဟုတ်ပါလားဗျာ။ ကျန်တဲ့ ဂုဏ်တော်တွေအတွက်လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။ ခြိုးခြံလိုက်ပါတယ်။ ဒါတွေဟာ ကျနော့် နောက်ဆက်တွဲတွေပါပဲ။

ဒီတော့ မှတ်ရအောင် အကျဉ်းချုပ်လိုက်ရင် Critical Thinking ဆိုတာ

1. Crisis ကိုကျော်လွှားဘို့ တွေးတာလုပ်တာ။
2. အရှုံးလုံးဝမရှိတာ။
3. ကိုယ်ချင်းစာတရားထားတာတို့ ဖြစ်တယ်။

Critical Thinking ကို ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ်ချသုံးလို့ရပါတယ်။ ဥပမာ - ဘာသာရေး၊ ဖလော့ဆဖီ။ ဘာသာရေး မှာ Critical Thinking သုံးတယ်ဆိုတာ ၀ိပဿနာတင်တယ်ဆိုတဲ့ သဘောနဲ့ သက်ဆိုင်မယ်ထင်တယ်။ ဒါကျနော့်အမြင်ပါ။ မှားရင် ပြင်ပေးကြပါ။ ဖလော့ဆဖီမှာ Critical Thinking ကို သုံးတယ်ဆိုတာကြတော့ ဖလော့ဆဖီ တစ်ခုလုံးကို၌က Critical Thinking တွေပဲလို့ ပြောလို့ရမယ် ထင်ပါတယ်။ ဒါအတိုဆုံးပြောလိုက်တာပါ။

ခု ၂၁ ရာစုသစ်မှာ Critical Thinking ဟာ ပညာရေးကဏ္ဍမှာ တော်လှန်ရေးအပြောင်းအလဲဆန်ဆန်ခေတ်စားလာ ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၀ (ထင်တယ်) ကစပြီး မူလတန်းနဲ့ အလယ်တန်းတွေမှာ Critical Thinking နဲ့ တစ်ပြည်လုံး ပြောင်းတော့မယ်လို့ သတင်းစာမှာ ဖတ်ရပါတယ်။ သင်ရိုးအသစ်တွေ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ အသင့်ဖြစ်နေ ပြီ … တဲ့။

ဒီဆောင်းပါးဟာ ယေဘူယျမဟုတ်ပါဘူး။ မရှိမဖြစ် မသိမဖြစ် ရှိသင့်တယ်၊ သိသင့်တယ်ထင်တဲ့ နောက်ခံကားချပ်ပါ။ ဒီကားချပ်ကို အခြေခံပြီး သက်ဆိုင်ရာနယ်ပယ်ဘာသာရပ်တွေမှာ ဆီလျော်အောင် အသေးစိတ်ဖြည့်ဆည်း အသုံးချနိုင်ဘို့ ဖြစ်ပါတယ်။

Sunday, September 12, 2010

ဘ၀ရဲ့ နိဂုံးချုပ် တံခါးပိတ်သံ

ကျွန်တော်ဟာတက္ကစီမောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူတစ်ယောက်ပါ။ နေ့လည်ပိုင်းတော့ ကျွန်တော် လုပ်ချင်တဲ့ အလုပ်လေးတွေ၊ ၀ါသနာပါတာလေးတွေ လုပ်နိုင်အောင်လို့ ညဆိုင်းကိုသာ မောင်းပါတယ်.. ကျွန်တော့် တက္ကစီဟာ ခရီးသည်တွေရဲ့ ရင်ဖွင့်ရာ ဌာနလဲ ဖြစ်ခဲ့ပါတယ်။ ကားငှားတဲ့ ခရီးသည်ဟာ ကားထဲဝင်လိုက်ပြီး ကျွန်တော့်အနောက်က ခုံမှာထိုင်လိုက်ပြီးတာနဲ့ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်က မသိရပါဘဲ သူတို့ရဲ့ ဘ၀အကြောင်း ဇာတ်စုံ ခင်းကြတော့တာပါဘဲ။ ဘာဘဲပြောပြော မမျှော်လင့်ဘဲ ကြားခဲ့ရတဲ့ သူတို့ပြောပြတဲ့ ဇာတ်ကြောင်းတွေထဲမှာ အချို့တွေက အံ့အားသင့်စရာတွေ ဖြစ်ခဲ့ပြီး၊ အချို့ အကြောင်းအရာတွေကတော့ ဂုဏ်ယူစရာ စိတ်အားတက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အချို့ အကြောင်းအရာများကျတော့ ပျော်ရွှ့င်ရယ်မောစရာ၊ အချို့အကြောင်းအရာများ ကျတော့လည်း ၀မ်းနည်း စိတ်မကောင်းစရာ ဖြစ်ခဲ့ပါတယ်.. လူတိုင်းမှာ မတူညီတဲ့ ဘ၀ကိုယ်စီ ရှိတတ်ကြပြီး အဲဒီဘ၀တွေကနေ မတူညီတဲ့ သင်ခန်းစာတွေကို ကျွန်တော် ရခဲ့ပါတယ်။

မှတ်မှတ်ရရပြောရရင် ကျွန်တော် တက္ကစီမောင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဖွားအိုတစ်ယောက်ကို မောင်းပို့ခဲ့ရတဲ့ ခရီးလောက် ဘယ်အဖြစ်အပျက်ကမှ ကျွန်တော့်ရဲ့စိတ်နှလုံးကို ထိထိခိုက်ခိုက်ဖြစ်စေ၊ အမှတ်ရစေနိုင်ခဲ့တာ မရှိတော့ပါဘူး။ အဲဒီညက တစ်ခုသော သြဂုတ်လရဲ့ ညတစ်ညပါ။ ကျွန်တော်တို့ တက္ကစီ ရုံးချုပ်ကနေ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ လိပ်စာပြောပြီး အဲဒီက လူတစ်ယောက်ကို သွားကြိုဖို့ အမိန့်တစ်ခု ကျွန်တော် လက်ခံရရှိလိုက်ပါတယ်.. ကျွန်တော်ထင်တာကတော့ ခုလို ညသန်းခေါင်တောင် ကျော်နေပြီဆိုတော့ ပါတီပွဲတစ်ခုခုကနေ အိမ်ပြန်မဲ့သူ၊ ဒါမှမဟုတ် လင်မယားရန်ဖြစ်လို့ စိတ်တိုတိုနဲ့ အိမ်ကဆင်းမဲ့သူ၊ ဒါမှမဟုတ်ရင်တော့ မနက်အလုပ်စောစောဆင်းမဲ့သူ တစ်ယောက်ယောက်က မြို့ပြင်မှာရှိတဲ့ စက်ရုံတစ်ခုခုကို သွားလိမ့်မယ်လို့ ထင်နေခဲ့တာပါဘဲ။

လိပ်စာအတိုင်း မောင်းသွားတော့ အဲဒီကို ကျွန်တော်ရောက်သွားတဲ့အချိန်ဟာ မနက် ၂နာရီခွဲ ရှိနေပါပြီ။ မြေညီထပ် ပြတင်းပေါက်က မီးရောင်ပြပြလေး တစ်ခုကလွဲလို့ အဆောက်အဦးတစ်ခုလုံးဟာ မှောင်မဲ တိတ်ဆိတ်နေပါတယ်.. ဘေးပတ်ဝန်းကျင်မှာလည်း အိမ်တွေဟာ နီးနီးနားနားမှာ မရှိကြဘဲ ဟိုးခပ်ဝေးဝေးမှာသာ ရှိနေကြတာမို့ တော်တော်ကို ခြောက်ခြားစရာ ကောင်းလောက်အောင် အထီးကျန် အဖော်မဲ့နေတဲ့ အိမ်တစ်လုံးနဲ့ တူပါတယ်.. ဒီလိုအခြေအနေမျိုးသာဆို တစ်ခြား တက္ကစီမောင်းသူတွေဟာ ကားဟွန်း တစ်ကြိမ်နှစ်ကြိမ် တီးပြီး ခနလောက် စောင့်ကြည့်ပြီးတာနဲ့ လူသံမကြားရရင် ချက်ခြင်း မောင်းထွက်သွားကြမှာ သေချာပါတယ်။ ဒါပေမဲ့ အိမ်သုံးကားတွေ ဘာတွေ မရှိတဲ့ သူတွေ အတွက်တော့ ခုလို ညဉ့်နက်သန်းခေါင်မှာ တက္ကစီသာမရရင် သူတို့အတွက် အတော်ကို အခက်အခဲ ဖြစ်ကြပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ကတော့ အန္တရာယ်ဖြစ်နိုင်တဲ့ မသင်္ကာစရာ အနေအထားမျိုးကလွဲလို့ သာမန်အတိုင်းဆို အိမ်တံခါးပေါက်ထိအောင် အရောက်သွားပြီး စုံစမ်းလေ့ရှိပါတယ်.. တကယ်လို့များ တစ်စုံတစ်ယောက်ရဲ့ အကူအညီနဲ့မှ သွားနိုင်လာနိုင်တဲ့ ခရီးသည်မျိုး ဖြစ်နေခဲ့ရင် လိုအပ်တဲ့အကူအညီ ပေးနိုင်အောင် ဆိုတဲ့စိတ်မျိုး အမြဲတမ်း ထားခဲ့ပါတယ်။

ဒါကြောင့် အခုလည်း အဲဒီအိမ်ရဲ့ တံခါးဝကို သွားရောက်ပြီး တံခါးကို ခေါက်လိုက်တဲ့အခါ “ခနလောက် စောင့်ပေးပါ” ဆိုတဲ့ အသံတစ်သံ ထွက်လာပါတယ်.. အသံကို နားထောင်ခြင်းအားဖြင့် အသံပိုင်ရှင်ဟာ အင်အားချည့်နဲ့ပြီး အတော်လေးကို အသက်ကြီးပြီလို့ ခန့်မှန်းရပါတယ်.. ပြီးတော့ တစ်စုံတစ်ခုကို ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ အသံကိုလည်း ကြားလိုက်ရပါတယ်။ အတော်လေးကြာတဲ့ အချိန်မှာတော့ တံခါးဖွင့်သံ ကြားလိုက်ရပြီး အသက် ၈၀ကျော်နေပြီဖြစ်တဲ့ အဖွားအိုတစ်ဦး တံခါးပေါက်ကနေ ပေါ်လာပါတယ်.. အဖွားအိုရဲ့ ပုံစံက အတော်လေးကို သေးကွေးပြီးတော့ ပိန်လှီဖျော့တော့ကာ နာမကျန်းဖြစ်နေတာ ကြာနေခဲ့ပုံ ရပါတယ်.. သူဝတ်ထားတာက ပွင့်ရိုက်ဝတ်စုံဖြစ်ပြီး ခေါင်းပေါ်မှာတော့ ဦးထုပ်လေးတစ်လုံးကို ဆောင်းထားပါတယ်.. အဖွားအိုရဲ့ အပြင်အဆင်ပုံစံဟာ ၁၉၄၀ ခုနှစ်လောက်က ရုပ်ရှင်တွေမှာ မြင်တွေ့ရတတ်တဲ့ ၀တ်စားဆင်ယင်ပုံမျိုး ဖြစ်နေပါတယ်.. သူ့ဘေးမှာတော့ နိုင်လွန် ခရီးဆောင်အိတ်လေး တစ်လုံးပါ။ အိမ်ကိုကြည့်ရတာ လူမနေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပုံစံပေါက်နေပြီး ရှိသမျှ ပရိဘောဂတွေကိုလည်း အ၀တ်စတွေနဲ့ ဖုံးအုပ်ထားပါတယ်.. နံရံပေါ်မှာတော့ နာရီတစ်လုံးတစ်လေမှ ချိတ်ထားတာ မတွေ့ရသလို ဘီဒိုတွေထဲမှာလည်း အသုံးအဆာင်ပစ္စည်းတွေ ရှိမနေပါဘူး။ အိမ်ရဲ့ထောင့် တစ်နေရာမှာတော့ ကဒ်ထူသေတ္တာလေး တစ်ခုနဲ့ ဓာတ်ပုံတစ်ချို့ ရှိနေခဲ့ပါတယ်။

“အဖွားရဲ့ အိတ်ကို သယ်ပေးပါလားကွယ်” သူမက ကျွန်တော့်ကို ချိုသာအေးဆေးတဲ့ အသံလေးနဲ့ လှမ်းပြောလိုက်တော့ ကျွန်တော့ သူ့အိတ်သေးလေးကို ကားဆီကို အရင် သွားထားလိုက်ပြီး တစ်ခါ အဖွားအိုကို တွဲခေါ်ဖို့ အိမ်တံခါးပေါက်ကို ပြန်လာခဲ့ပါတယ်.. အဖွားအိုဟာ ကျွန်တော့ လက်ကိုတွဲလိုက်ပြီး ဖြေးဖြေးသာသာ လမ်းစလျှောက်ပါတယ်.. တုန်ချိနှေးကွေးနေတဲ့ ခြေလှမ်းတွေကြောင့် သတိထားပြီး တွဲခေါ်ခဲ့ရပါတယ်.. ကားဆီရောက်လို့ ၀င်ထိုင်ပြီးချိန်မှာ အဖွားအိုက ကျွန်တော့်ကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ရပါတယ် အဖွား ကိစ္စမရှိပါဘူး.. ကျွန်တော်က ခရီးသည်တွေကို ဒီလိုဘဲ ကူညီနေကျပါ. အဖွားကိုလဲ မိခင်တစ်ယောက်ကို သဘောထားပြီး ကူညီတာပါ” လို့ ကျွန်တော်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။

“မင်းဟာ အတော်သိတတ်တဲ့ ကလေးဘဲ”… လို့ အဖွားအိုက ပြောလိုက်ပြီး လိပ်စာကဒ်ပြားလေးတစ်ခုကို ထုတ်ပေးပါတယ်… ပြီးတော့ “ဒီလိပ်စာကို သွားမှာပါ.. ဒါပေမဲ့ အဖွားကို မြို့ထဲလမ်းအတိုင်း မောင်းပို့ပေးပါလားကွယ်” လို့ ပြောပါတယ်။

ကျွန်တော်လည်း ချက်ခြင်းဘဲ “အဖွား မြို့ထဲကနေမောင်းရင် ဒီလိပ်စာအတိုင်းဆို တကွေ့တပတ်ကြီး ဖြစ်သွားလိမ့်မယ်.. အချိန်လဲပိုကြာလိမ့်မယ်..” လို့ ပြန်ပြောလိုက်ပါတယ်.။

“အို… ရပါတယ်.. အဖွားက အလျင်မလိုပါဘူး.. ဖြေးဖြေးသွားကြတာပေါ့.. အဖွားမှာ မိသားစု ဆွေမျိုးဆိုလို့လဲ တစ်ဦးတစ်ယောက်မှ မရှိတော့ဘူး… ပြီးတော့ လူ့လောကမှာ ကြာကြာနေဖို့ အချိန်လဲ အဖွားမှာ မရှိတော့ပါဘူးကွယ်.. အဖွားကို ကြည့်ပေးနေကျ ဆရာဝန်ကလည်း လူမမာစောင့်ရှောက်ရေး ဂေဟာနဲ့ ဆက်သွယ်ပေးပြီး အဲဒီမှာ သွားနေဖို့ စီစဉ်ပေးလို့ အခု အဲဒီကို သွားရမှာပါ..”

အဖွားရဲ့ တုန်တုန်ရီရီ စကားသံအဆုံးမှာ နောက်ကြည့်မှန်ကနေ ကျွန်တော် သူ့မျက်နှာကိုကြည့်လိုက်တော့ အဖွားရဲ့ မျက်ဝန်းတွေဟာ ညအမှောင်ထဲမှာ တဖျတ်ဖျတ် တောက်ပနေခဲ့တယ်.. ဘုရားရေ… မျက်ရည်တွေများလား။ ကျွန်တော့်လက်က ခရီးအကွာအဝေးကို ဖော်ပြတဲ့ မီတာဆီ အလိုလို ရောက်သွားပြီး မီတာခလုပ်ကို တိတ်ဆိတ်စွာ ပိတ်လိုက်မိပါတယ်.. ပြီးတော့ “အဖွား သွားချင်တဲ့ နေရာတွေကိုပြောပါ။ ကျွန်တော် မောင်းပို့ပေးပါမယ် ” လို့ ပြောလိုက်မိပါတော့တယ်။

နောက် ၂နာရီလောက်မှာတော့ ကျွန်တော်တို့တွေ မြို့ထဲတစ်လျှောက်မောင်းနှင်နေပါပြီ.. အဖွားအိုဟာ အဆောက်အဦး တစ်ခုကို ညွှန်ပြပြီးတော့ သူငယ်စဉ်ခါက အလုပ်လုပ်ခဲ့တဲ့ ရုံးလို့ ပြောပြပါတယ်.. အခြား လမ်းတစ်ခုကို ဖြတ်သွားချိန်မှာလည်း အိမ်တစ်အိမ်ကိုပြပြီး သူနဲ့ သူ့ခင်ပွန်းတို့ ညားကာစ အချိန်တွေတုန်းက နေခဲ့တဲ့ အိမ် ဖြစ်ကြောင်း ပြောပြီး အိမ်ရှေ့နားမှာ ကားကိုရပ်ခိုင်းကာ တော်တော်လေးကြာအောင် ငေးကြည့်နေခဲ့ပါတယ်.. တစ်ခါ အိမ်ထောင်ပရိဘောဂတွေ ရောင်းတဲ့ ဆိုင်ရှေ့မှာ ကားရပ်ခိုင်းပြီးတော့ ထိုနေရာဟာ တစ်ချိန်က အလွန်နံမည်ကြီး ထင်ရှားတဲ့ စားသောက်ဆိုင်ရဲ့နေရာ တစ်ခု ဖြစ်ခဲ့ကြောင်းနဲ့ ထိုစားသောက်ဆိုင်ဟာ သူမတို့ လင်မယား အမြဲတမ်း စားသောက်တတ်တဲ့ ဆိုင်တစ်ခုဖြစ်ကြောင်း ပြောပြပြန်ပါတယ်.. တခါတလေမှာတော့ အဆောက်အဦး အချို့ရှေ့ ဖြတ်တဲ့အခါ ကားကို ဖြေးဖြေးမောင်းခိုင်းတတ်ပြီး စကားတစ်ခွန်းမှ မပြောဘဲနဲ့ အကြာကြီး ငေးမောနေတတ်ပါတယ်။ အဖွားအိုရဲ့ပုံစံက အရာရာကို နောက်ဆုံး နှုတ်ဆက်တဲ့ ဆွေးဆွေးမြည့်မြည့် အကြည့်မျိုးနဲ့ တူနေတာမို့ ကြည့်ရတာ ၀မ်းနည်းဖို့ ကောင်းလွန်းနေပါတယ်။ အဖွားအိုရင်ထဲမှာ ဘယ်လိုများ ခံစားနေရမလဲဆိုတာ ကျွန်တော်တွေးကြည့်မိပြီး ကိုယ်တိုင်လည်း ၀မ်းနည်းလာမိပါတယ်။

အရှေ့ဘက်ဆီက အရုဏ်ဦး အလင်းရောင်လေး ပေါ်ထွက်လာတဲ့အချိန်မှာတော့ “အဖွား ပင်ပန်းသွားပြီကွယ်.. ပြောထားတဲ့ လိပ်စာအတိုင်းသာ ကားကို ဆက်မောင်းပါတော့ ” လို့ပြောလိုက်ပြီး မျက်လုံးကို မှိတ်လိုက်ပြီး ကားနောက်မှီကို မှီချလိုက်ပါတော့တယ်.. ကျွန်တော်လဲ တိတ်ဆိတ်စွာဘဲ ကားကို ဆက်မောင်းခဲ့လိုက်ပါတယ်.. အဖွားအို ပေးထားတဲ့ လိပ်စာအတိုင်း ရောက်တဲ့အချိန်မှာ ရှည်မျှောမျှော အဆောက်အဦးတစ်ခုကို တွေ့လိုက်ရပါတယ်.. တကယ်ဘဲ လူမမာတွေအတွက် ပြုစုစောင့်ရှောက်တဲ့ ဂေဟာ ဖြစ်ပုံရပါတယ်.. ကားကို အဆောက်အဦးရဲ့ ပေါ်တီကို အရောက် ကျွန်တော် မောင်းသွားလိုက်တဲ့အချိန်မှာ ၀န်ထမ်းဖြစ်ပုံရတဲ့ လူ၂ယောက်ဟာ ပြေးထွက်လာကာ ကားဆီကို ရောက်လာပြီး အဖွားအိုကို ဂရုတစိုက် အလေးအနက်ထားကာ ကူညီဖေးမနေတာကို တွေ့ရပါတယ်.. ကြည့်ရတာ အဖွားအို ရောက်အလာကို အဆင်သင့် စောင့်ဆိုင်းနေပုံရပါတယ်.. ကားနောက်ခန်းထဲ ထည့်ထားတဲ့ အဖွားအိုရဲ့ အိတ်ကို ကျွန်တော် သွားယူလာပြီးတဲ့အချိန်မှာ အဖွားအိုဟာ ၀ှီးချဲ ပေါ်ရောက်နေပါပြီ။

“ကားခ ဘယ်လောက် ကျသလဲကွယ် ” လို့ အဖွားအိုက သူ့ပိုက်ဆံအိတ်သေးသေးလေးကို ဖွင့်လိုက်ရင်း ကျွန်တော့်ကို လှမ်းမေးလိုက်ပါတယ်..

“မပေးရပါဘူးခင်ဗျာ” ကျွန်တော်က ပြုံးပြီး ပြန်ဖြေလိုက်တော့

“အို မဟုတ်တာ မင်းမှာလဲ နေထိုင်စားသောက်ရေးက ရှိဦးမယ်လေ… ပိုက်ဆံ ယူပါကွယ်..” အဖွားက စိတ်မကောင်းတဲ့ လေသံလေးနဲ့ ပြန်ပြောပါတယ်။

“တစ်ခြား ခရီးသည်တွေ ရှိပါသေးတယ်အဖွား.. ဒီကအပြန်မှာလည်း ကျွန်တော် ခရီးသည် ရဦးမှာပါ.. ကျွန်တော့ အတွက် စိတ်မပူပါနဲ့.. ” လို့ ပြန်ပြောလိုက်ရင်း ကျွန်တော့် စိတ်ထဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ၀ှီးချဲပေါ်က အဖွားအိုကို ခါးညွှတ်ပြီး ပွေ့ဖက်လိုက်မိပါတယ်.. အဖွားကလည်း ကျွန်တော့ကို သူ့လက်ကလေးတွေနဲ့ ပြန်လည်ပွေ့ဖက်ပါတယ်။

“မင်းဟာ အဖွားအိုတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လေးတွေကို စိတ်ချမ်းသာ၊ ကျေနပ်မှု ရသွားအောင် ကူည်ီပေးခဲ့သူပါကွယ်.. အဲဒီအတွက် ကျေးဇူး အထူး ကလေးရယ်… ”

အဖွားရဲ့ စကားက ကျွန်တော့် နှလုံးသားကို ဆုတ်ညစ်လိုက်သလို ခံစားလိုက်မိပါတယ်.. ဒါဟာ သူ့အတွက် နောက်ဆုံးအချိန်တွေတဲ့လား… ကျွန်တော် ဘာစကားမှ ထပ်မပြောဖြစ်တော့ဘဲ အဖွားရဲ့ လက်ကို နောက်ဆုံးအနေနဲ့ ဖျစ်ညစ်လိုက်ပြီး ကားဆီကို လျှောက်သွားကာ ကားကို မောင်းထွက်ခဲ့လိုက်ပါတော့တယ်.. ကျွန်တော် မောင်းထွက်လာပြီးတဲ့နောက်မှာ တံခါးပိတ်သံတစ်ချက်ကို ကျွန်တော့်နားထဲမှာ သဲသဲကွဲကွဲ ကြားလိုက်ရပါတယ်.. ဒီအသံဟာ ဘ၀တစ်ခုရဲ့ နိဂုံးချုပ် တံခါးပိတ်သံတစ်ခုလို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်မိပါတယ်။

အဲဒီက အပြန်ခရီးမှာတစ်လျှောက်မှာ ခရီးသည် တစ်ဦးတစ်ယောက်မှ ထပ်မတင်ဖြစ်တော့ဘဲ ကားကို ရည်ရွယ်ချက်မဲ့စွာ မောင်းလာခဲ့မိပါတယ်.. ဦးနှောက်တစ်ခုလုံးလဲ ဗလာဖြစ်နေခဲ့ပြီး အဲဒီနေ့တစ်နေ့လုံး စကားတောင် မပြောနိုင်လောက်အောင် ကျွန်တော့ ရင်ထဲမှာ အဖွားအိုအတွက် တစ်စုံတစ်ရာ ထိခိုက် ခံစားနေခဲ့မိပါတယ်.. တကယ်လို့များ အဖွားအိုဟာ သူရဲ့ နောက်ဆုံးအချိန်လေးမှာ စိတ်မရှည် ဒေါသကြီးတဲ့ တက္ကစီသမား တစ်ယောက်ယောက်နဲ့များ ကြုံတွေ့ခဲ့မိရင်၊ ဒါမှမဟုတ် ကျွန်တော်သာ သူပြောတဲ့ မြို့ထဲလမ်းအတိုင်း မောင်းပေးဖို့ ငြင်းဆန်ခဲ့မိရင်၊ သို့မဟုတ် တစ်ခေါက်လောက် ကားဟွန်းတီးပြီး လူထွက်လာတာ မတွေ့လို့ ကားမောင်းထွက်သွားခဲ့မိရင် ဆိုတဲ့အတွေးတွေနဲ့ ဖိစီးနေခဲ့မိပါတယ်.. ဒီလိုသာဖြစ်ခဲ့ရင်တော့ ဒီအဖွားအိုရဲ့ နောက်ဆုံးအချိန်တွေဟာ စိတ်ချမ်းသာမှု ရရှိသွားခဲ့မယ် မထင်ဘူး… ဘာဘဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့လုပ်လိုက်မိတဲ့ ကောင်းမှုလေးတစ်ခု အတွက်တော့ ဘယ်တော့မှ မေ့လို့ မရအောင် သတိရနေဦးတော့မှာပါ။

အသက်ကြီးလာတဲ့ အိုမင်းမစွမ်းနဲ့ အထီးကျန်ဘ၀ အချိန်တွေမှာ အခြားသူတွေရဲ့ ဂရုစိုက်နွေးထွေးမှု၊ ကြင်နာစောင့်ရှောက်မှု၊ နားလည်သိတတ်မှု၊ ဖေးမကူညီမှု တို့ဟာ လိုအပ်လှပါတယ်လေ… တစ်ချိန်ချိန်တော့ ခုလို ဘ၀တံခါးကြီး ပိတ်သွားတဲ့အသံကို ကျွန်တော်တို့တွေလည်း ကြုံရပေလိမ့်ဦးမယ် မဟုတ်ပါလား။

အဖေ

ကျွန်တော်

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။

၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။

၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။

၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။

၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။

၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။

၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။

၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာ

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း
မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု
ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ
မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား
ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်
နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ
တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ
စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့
လာဘ်လာဘ ပေါများတယ် ဟိုဘုရား
ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ
မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက
စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား
ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။
အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး
ရွေးနေတာတွေ။ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့
နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်
ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့
ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့
ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့
ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ
ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာ။
ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်း
စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို ဘုရားက သူတောင်းစား
ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး
နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက်
သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား
ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို
သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်
အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်
တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊
နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့
ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့
တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို
အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့
ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့
ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံ
ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက
ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ
မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ
ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊
ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု
ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ
တရားကိုဆောင်ထားနိုင်လို့ ရတနာ
သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့
သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ
တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့
အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို
ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။
တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့
အသေအချာသိပြီး ယုံတယ်။ထိုသို
သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက
ဗုဒ္ဓဘာသာပါ။ဘုရားက
မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်
လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့
သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
လွတ်မြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို
ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက
နှင့် ပညာဓိက ဗုဒ္ဓဘာသာ
ဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်
(နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊
ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified,
prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။
သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက
ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

Monday, July 26, 2010

“ဝါဆိုလပြည့်ဓမ္မစကြာနေ့”

ဘုရားအလောင်းတော် သိထ္တမင်းသားသည် အနော်မာသောင်ကမ်း၌ ဆံတော်ကိုပယ်ကာ တောသို့ဝင်ပြီး အာဠာရနှင့်ဥကဒ ရသေ့ကြီးနှစ်ပါးထံနည်းခံ၍ တရားကျင့်ရာ
လောကီဈာန်သမာပတ် များကိုသာရ၍ အမတနိဗ္ဗာန်တရားမှန်ကိုမရသဖြင့်
ထိုအရပ်ဒေသမှဖယ်ခွါ ထွက်ခွါခဲ့လေသည်။

ဥရုဝေလတော နေရဉ္ဇနာမြစ်ကမ်းပါးတွင် ပဉ္စဝဂ္ဂီငါးဦးတို့၏
လုပ်ကျွေးပြုစုမှုကိုခံယူ၍ ဒုက္ကစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ပါသော်လည်း
အမတနိဗ္ဗာန်တရားမှန်ကိုမရသဖြင့် ပြင်းထန်သောအကျင့် ကိုစွန့်ပယ်၍
တရားလမ်းကြောင်းပြောင်းရန် အစာရေစာများ ပြန်လည်မှီဝဲသဖြင့်
ပဉ္စဝဂ္ဂီငါးဦးတို့က တရားထူးရတော့မည် မဟုတ်ဟု အထင်လွဲကာ ဖဲခွါထွက်သွားကြ
လေတော့သည်။

ဗုဒ္ဓအလာင်းတော်သည် ပြင်းထန်လွန်းသော နှစ်ဖက်စွန်းကျင့်စဉ်ကို ပယ်၍
အလယ်အလတ် မဇ္ဈိမ ပဋိပဒါ သမထဘာဝနာကျင့်စဉ်ဖြင့် မဟာသက္ကရာဇ် ၁၀၃- ခု (ခရစ်မပေါ်
မှီ ၅၈၈ နှစ်) (၅၈၈- ဘီစီ) ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင်
ဗောဓိပင်နှင့်ရွှေပလ္လင်ပေါ် ၌ သဗ္ဗညုတ အလုံးစုံကိုသိတော်မူသော ဘုရားရှင်
ဖြစ်တော်မူခဲ့ပါသည်။ ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဟု
ခေါ်ဆိုသတ်မှတ်ကြပါသည်။
ဘုရားဖြစ်လျှင်ဖြစ်ချင်း ပထမဆရာများဖြစ်ခဲ့ကြသော အာဠာရနှင့်ဥဒက
ရသေ့နှစ်ပါးတို့အား ကျေး ဇူးဆပ်တရားဟောရန် ဆင်ခြင်ရာ
စုတေ့ကွယ်လွန်ကုန်ကြပြီးဖြစ်၍ ဥရုဝေလတောတွင် အနီးကပ်အ
လုပ်အကျွေးပြုစုခဲ့ကြသော ပဉ္စဝဂ္ဂီငါးဦးတို့ရှိရာ မိဂဒါဝုန်တောသို့ ကြွ၍
ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစ ကြာတရားဦး ဒေသနာတော်ကို ဟောတော်မူခဲ့လေသည်။
ထို့ကြောင့် ဝါဆိုလပြည့်ကို “ဓမ္မစကြာနေ့” ဟူ၍ သတ်မှတ်ခေါ်တွင်ကြလေသည်။

“ဒွေမေဘိက္ခဝေ” အစချီသော ဓမ္မစကြာတရားတော်ကိုဟော၍အဆုံး၌ အရှင်ကောဏ္ဍည သည်
သောတာပန်အဖြစ်သို့ ရောက်လေ၏။ ထို့နောက် “ဧဟိဘိက္ခု” (ရဟန်းလာလော့)
ရဟန်းအဖြစ်ကိုခံ ယူလေ၏။
ဗုဒ္ဓဘုရားရှင်သည် မိဂဒါဝုန်တော၌ပင် ဝါကပ်တော်မူလျက် ဝါဆိုလပြည့်ကျော်
(၁) ရက်နေ့မှစ၍ မြို့ ရွာ အတွင်းသို့ ဆွမ်းခံမျှကြွတော်မမူဘဲ
ပဉ္စဝဂ္ဂီငါးဦးတို့၏ ကမ္မဌာန်းအလုပ်၌ ဖြစ်ပေါ်တတ်သော အညစ်အကြေး
အနှောင့်အယှက်တို့ကို တားဆီးရန်အလို့ငှာ နေ့ညဥ့်မပြတ် အဆုံးအမသြဝါဒပေးခြင်း
ဖြင့် ကျောင်းတိုက်အတွင်းမှာပင် သီတင်းသုံးနေတော်မူ၏။

ပဉ္စဝဂ္ဂီ ငါးဦးတို့အနက် နှစ်ပါးသောရဟန်းတို့ကို ဆုံးမသြဝါဒပေးတော်မူစဉ်
သုံးပါးသောရဟန်းတို့ သည် ဆွမ်းအတွက်လှည့်လည်ကြကုန်၏။ ထိုဆွမ်းဖြင့်
ဗုဒ္ဓဘုရားရှင်နှင့်တကွ ပဉ္စဝဂ္ဂီ ငါးဦးတို့သည် မျှတ ကုန်၏။
သုံးပါးသောရဟန်းတို့ကို ဆုံးမသြဝါဒပေးတော်မူစဉ် နှစ်ပါးသောရဟန်းတို့သည်
ဆွမ်းအ တွက်လှည့်လည် ကြကုန်၏။ ထိုဆွမ်းဖြင့် အားလုံးခြောက်ပါးတို့
မျှတကြကုန်၏။ ဤနည်းဖြင့် အဆုံး အမသြဝါဒပေးတော်မူရာ ဝါဆိုလပြည့်ကျော် (၁)
ရက်နေ့၌ ဝပ္ပ မထေရ် သောတာပန်ဖြစ်၏။ ဝါဆို လပြည့်ကျော် (၂) ရက်နေ့၌ ဘဒ္ဒိယ
မထေရ် သောတာပန်ဖြစ်၏။ (၃) ရက်နေ့၌ မဟာနာမ် မထေရ် သောတာပန်ဖြစ်၏။ (၄)
ရက်နေ့၌ အဿရိ မထေရ် သောတာပန်ဖြစ်၏။ ဤသို့အစဉ်အတိုင်း သော
တာပတ္တိဖိုလ်၌တည်ကြ၍ “ဧဟိဘိက္ခု” ရဟန်းအဖြစ်ကို အသီးသီးခံယူကြလေ၏။

ဝါဆိုလပြည့်ကျော် (၅) ရက် ရဟန္တာနေ့ ။ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့၌
ဗုဒ္ဓဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏာသုတ်ကို ဟောကြားတော်မူ၏။
သုတ်အဆုံး၌ ပဉ္စဝဂ္ဂီငါးဦးတို့ သည် အရဟတ္တဖိုလ်တည်ကြ၍ “ရဟန္တာ” ဖြစ်ကြလေ၏။

ဗုဒ္ဓဂေါတမ၏သာသနာတော်၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် ရှေးဦးစွာရဟန္တာဖြစ်ကြသူမျာြး
ဖစ်၏။

ဝါဆိုလပြည့်ကျော် (၅) ရက်နေ့သည် လူသားငါးဦးတို့
ရှေးဉီးစွာရဟန္တာဖြစ်သောနေ့ဖြစ်သဖြင့် “ရဟန္တာနေ့” ဟု
ဥဒါန်းမော်ကွန်းတွင်လေ၏။ ဝါဆိုအဓိပ္ပါယ်မှာ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ (ဝါကျွတ်) သီတင်းကျွတ်လပြည့်နေ့ထိ
ခရီးမထွက်၊ ဒေသစာရီမကြွဘဲ မိမိကျောင်းတွင်
သီတင်းသုံးနေထိုင်ခြင်းပင်ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သိမ်တွင် “ပဝါရဏာ”
“ပန်ကြားခြင်း” “မြင်၊ ကြား၊ သံသယ ယုံမှားခြင်း” ရှိပါက ပြောဆိုကြပါ
“ပန်ကြားပြုကြပြီး” လျှင် ဝါဆိုခြင်းကိစ္စပြီးဆုံးခြင်းကို ဝါကျွတ်သည်၊
ဝါမှထွက်သည်ဟု ခေါ်ဆိုကြပါသည်။

ဓမ္မစကြာအဓိပ္ပါယ် -
ဓမ္မ + စက္က >စကြာ > စက်ဝိုင်း
ဓမ္မ = သဘောတရား - လည်ပတ်သောလှည်းဘီး၊ လည်ပတ်နေသောစက်ဝိုင်း
ဗုဒ္ဓက ဓမ္မစကြာတွင် -
အစွန်းအယုတ်ဟုခေါ်ဝေါ်သမုတ်အပ်ကုန်တရား နှစ်(၂) ပါးရှိသည်။ (၁) ပထမ
တစ်ပါးမှာ ယုတ်မာ သော ရွာသူ ရွာသား မြို့သူ မြို့သားတို့၏ လက်သုံး
လက်ကိုင်ဖြစ်သော၊ ပုထုစဉ်သတ္တဝါတို့၏ အလေ့ အမူအရာဖြစ်သော၊
အရိယပုဂ္ဂိုလ်တို့နှင့်မဆိုင်သော၊ အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီ
အာရုံကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာတုံငြားလိုက်စားအားထုတ်မှုဟုဆိုအပ်သော
အကြင် အစွန်းသမုတ် အယုတ်တရားမျိုးသည်ရှိလေ၏။ ဤသည်ကား (၁) ပါးတည်း။
(ဆိုလိုသည်မှာ - အိမ် ထောင်ပြု ၊ သားမွေး လင်နှင့်မယား
ကာမချမ်းသာနှင့်ပျော်ပါးနေသောလမ်း။ (ကာမသုခလ္လိကာနု ယောဂ)


(၂) ဒုတိယတစ်ပါးမှာ - ကိုယ်ချမ်းသာမှုမဖက် ဆင်းရဲမှုသက်သက်မျှသာဖြစ်သော၊
အရိယပုဂ္ဂိုလ်တို့ နှင့်မဆိုင်သော၊ အကျိုးတစုံတရာနှင့်မစပ်ယှဉ်သော၊
ရေချိုး၊ မီးလှုံ၊ ဆူပုံ၌အိပ်ခြင်း အစရှိသသည့် မိမိ
ကိုယ်ကိုပင်ပန်းအောင်သာလွန်ကြိုးစားလေ့ရှိသော အကြင်အစွန်းဟုခေါ်ဝေါ်သမုတ်
အယုတ်တရားမျိုးရှိ လေ၏။ ဤသည်ကား (၁) ပါးတည်း။ (ဆိုလိုသည်မှာ -
မိမိကိုယ်ကိုအမျိုးမျိုးနှိပ်စက်၍ကျင့်သော အကျင့် (အတ္တကိလမထာနုယောဂ) ဖြစ်၏။


အလယ်လမ်း (ကျင့်စဉ်)
“မဇ္ဈိမာပဋိပဒါ”
စင်စစ်နှစ်ပါးကုန်သော ထိုအစွန်း(အယုတ်) တရားတို့ကို မကပ်မရောက် (မကျင့်
မပြုလုပ်) မူ၍ ဗုဒ္ဓ(ငါ ) ဘုရားသည် အကြင် အလယ်လမ်းဟုဆိုအပ်သောအကျင့်မြတ်ကို
သဗ္ဗညုတ အလုံးစုံကိုသိ တော်မူသောဉာဏ်တော်အလင်းဖြင့်
ထိုးထွင်း၍သိတော်မူအပ်လေပြီ။

ထိုအလယ်လမ်းဟုဆိုအပ်သော အကျင့်မြတ်သည် (၁)
သစ္စာလေးပါးကိုမြင်စေနိုင်ဘိသော ပညာ မျက်စိကိုလည်းပြုပြင်စီရင်တတ်ပေ၏။
(၂)အသိဉာဏ်ပွင့်လင်းမှုကိုလည်းပြုပြင်စီရင်တတ်ပေ၏။
(၃) ကိလေသာမီးအပြီးချုပ်ငြိမ်းစေခြင်းငှါ၊ ဉာဏ်ကွန်မြူး၍အထူးသိစေခြင်းငှါ၊
မဖေါက်မပြန် မှန်ကန်
ကေားင်းမွန်စွာသိစေခြင်းငှါ ၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်း၍
ဇာတ်သိမ်းခြင်းငှါဖြစ်၏။ ထိုအလယ်လမ်း
ဟုဆိုအပ်သောအကျင့်မြတ်သည် အဘယ်နည်း။ အရိယာမြင့်မြတ်သော
ပုဂ္ဂိုလ်တို့၏လက်ကိုင်
ဖြစ်၍ မြင့်မြတ်သောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော
ဤမဂ္ဂင်ရှစ်ပါးတရားသည်ပင်တည်း။ ဤမဂ္ဂင်ရှစ်
ပါးတရားဟူသည် အဘယ်နည်း။

(*သမ္မာကို မှန်ကန် (သော) ၊ တရား (သော )၊ လမ်းကျ (သော )၊ ကောင်း(သော )ဟူ၍ပြန်ဆိုနိုင်
၏။)

၁) ကောင်းစွာမြင်ခြင်း = သမ္မာဒိဋ္ဌိ
၂) ကောင်းစွာကြံခြင်း = သမ္မာသင်္ကပ္ပ
၃) ကောင်းစွာပြောဆိုခြင်း = သမ္မာဝါစာ
၎) ကောင်းစွာပြုလုပ်ခြင်း = သမ္မကမ္ဖ န္တ
၅) ကောင်းစွာအသက်မွေးခြင်း = သမ္မာအာဇီဝ
၆) ကောင်းစွာအားထုတ်ခြင်း = သမ္မာဝါယမ
၇) ကောင်းစွာအောက်မေ့ခြင်း = သမ္မာသတိ
၈) ကောင်းစွာတည်ကြည်ခြင်း = သမ္မာသမာဓိ


မဂ်စိတ် (၄) ခု၌ရှိသော အထက်ပါ မဂ္ဂင်တရားကိုယ်ရှစ်ပါးသည်
မဂ္ဂသစ္စာမည်၏။ ဤမဂ္ဂသစ္စာ ကိုကျင့်ကြံပွါးများအားထုတ်လျှင် သန္တိသုခ
ချုပ်ငြိမ်းရာအမှန်နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို ရရှိနိုင်ပါ၏။
ထို့ကြောင့်မဂ္ဂသစ္စာသည် အကြောင်းတရားသစ္စာဖြစ်၏။ ထိုအကြောင်းကြောင့်
အကျိုးသစ္စာနိရောဓသစ္စာကို ရရှိ၏။ ဤသို့အကြောင်း အကျိုးလည်ပတ်သော
ကြောင့်ဓမ္မစက္က = ဓမ္မစကြာ = လှည်းဘီးကဲ့သို့လည်ပတ်သောစက်ဟူ၍ဆို၏။



သစ္စာလေးပါး ဓမ္မစကြာတရား
သစ္စာလေးပါး (အဘိဓမ္မာတရားကိုယ် )
၁။ လောကီစိတ် (၈၁) လောဘကြည်သော (မပါသော ) ၊ စေတသိက် (၅၁)။ ရုပ် (၂၈)။
ဤတေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) မည်၏။


ဓမ္မစကြာသုတ်လာ ဆင်းရဲဒုက္ခ (၈)မျိုး
၁) ပဋိသန္ဓေတည်နေရခြင်းသည်လည်းဆင်းရဲ၏။
၂) အိုရခြင်းသည်လည်း ဆင်းရဲ၏။
၃) နာရခြင်းသည်လည်း ဆင်းရဲ၏။
၎) သေရခြင်းသည်လည်း ဆင်းရဲ၏။
၅) မချစ်သောသူ (ရုပ်နာမ်စသည်တို့နှင့်) အတူနေရခြင်းသည်လည်း ဆင်းရဲ၏။
၆) ချစ်နှစ်သက်သောသူ (နိဗ္ဗာန်ချမ်းသာ) တို့နှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ ၏။
၇) လိုချင်ရာကို (နိဗ္ဗာန်ချမ်းသာ) မရခြင်းသည်လည်း ဆင်းရဲ၏။
၈) အကျဉ်းအားဖြင့်စွဲလမ်းရာ အာရုံဖြစ်သောခန္ဓငါးပါးတို့သည် ဆင်းရဲကုန်၏။
ဤဒုက္ခသစ္စာသည်ကား အကျိုးတရား (ဆင်းရဲအမှန်) သစ္စာဖြစ်၏။ ဗုဒ္ဓသည် တရားရှာသူ ၊
တရားနာယူသူများအလွယ်တကူသိမြင်နိုင်စေရန်အတွက် အကျိုးတရား ဒုက္ခသစ္စာကို
ပထမထား၍ ဟော၏။
၂။ ဒုက္ခဆင်းရဲ၏ ဖြစ်ရန်အကြောင်းတရားဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယ သစ္စာ(ဆင်၊ရဲဖြစ်ကြောင်းအမှန်ဖြစ်၏။
လိုချင်တပ်မက်ခြင်းတည်၊ ဟူသောတဏှာလောဘကြောင့် ရုပ်နာမ်ခန္ဓာကိုရရှိသဖြင့် ထိုဒုက္ခ(ဆင်း ရဲ)သစ္စာကိုရရှိကြသည်။
ဤသို့ တဏှာလောဘ သမုဒယ သစ္စာတည်းဟူသော အကြောင်းတရားကြောင့် အကျိုးတရား များဖြစ်သော ဒုက္ခဖြစ်ရလေ၏။

သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်၏ မဂ္ဂသစ္စာကြောင့် နိရောဓသစ္စာကိုရ၏ ဤသို့ ကြောင်း ကျိုးစက်လည်ပတ်ခြင်းကို ဓမ္မစကြာခေါ်ဆိုလေသည်။


အနတ္တအဓိပ္ပာယ်


အနတ္တ =ငါမဟုတ်၊ မိမိအလိုသို့ မလိုက်ပါခြင်း အစိုးတရမိမိဖြစ်ချင်သကဲ့သို့ မဖြစ်ခြင်း
အနတ္တ = န +အတ္တ (အန် +အ)
န =မဟုတ် ၊ အတ္တ =ငါ =အနတ္တ =ငါမဟုတ် တနည်းအားဖြင့် =အနတ္တသဒ္ဒါသည်
(၁) အလိုသို့ မလိုက်ခြင်း ၊ မိမိဖြစ်ချင်သကဲ့သို့ မဖြစ်ခြင်းအနက်။
ဖြစ်ဆဲဥပါဒ်ခဏ၌ ရှိသောရုပ်သည် တည်ဆဲနီ ခဏ သို့ မရောက်ပါစေလင့်။
တည်ဆဲရုပ်သည် မအိုပါစေလင့်။ အိုသော ရုပ်သည် မပြိုမကွဲမပျက်စီးပါစေလင့်။
ဤသို့ စသည်ဖြင့် မိမိ တောင့်တတိုင်း မဖြစ်ခြင်း၊ အလိုသို့ မလိုက်ခြင်း
အနက်သဘောကြောင့် “အနတ္တ”မည်၏။


(၂) ပိုင်ဆိုင်သူမရှိခြင်းအနက်။

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တည်းဟူသော ခန္ဓာငါးပါးရုပ်နာမ်တရားတို
့သည် မိမိတို့ 
သဘောအတိုင်းသာဖြစ်ပျက်နေကြသည်။ “မည်သို့ ဖြစ်စေ၊ မည်သို့ ရှိစေ” ဟု အမိန်
့ပေးနိုင်သည့် ပိုင် စိုးသူတစ်စုံတယောက်မျှမရှိခြင်း အနက်သဘောကြောင့်
“အနတ္တ”မည်၏။


(၃) ပြုစုစီမံတတ်၊ ဖန်တီးတတ်သော အနက်သဘောမှ ဆိတ်သုန်းခြင်းအနက်။
ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ သည် ပြုလုပ်တတ်၊ ခံစားတတ်၊
ပြုပြင်စီရင်တတ်၊ ဖန်တီး တတ်သော သဘောမှ ဆိတ်သုန်းခြင်းအနက်သဘောကြောင့်
“အနတ္တ” မည်၏။


(၄) တိတ္ထိ တို့က မပျက်မစီးအမြဲတည်တံ့သည်ဟု စွဲယူသော “အတ္တ” ကိုပယ်ခြင်း။
သာသနာပတိတ္ထိ တို့သည် မပျက်မစီးအမြဲတည်သော အမာခံအနှစ်သာရကို “အတ္တ”
ဟုကြံဆစွဲ လမ်းကြကုန်၏။ ထိုအမာခံအတ္တသဘောမရှိခြင်းကြောင့် “အနတ္တ”မည်၏။

အနတ္တ ဓါတ်သဘော
ဤအနတ္တဓါတ်သဘောသည် ဗုဒ္ဓပွင့်တော်မူသော သာသနာတွင်း၌ လည်းကောင်း၊
ပွင့်တော်မမူ သော သာသနာပအခါ၌လည်းကောင်း၊ မိမိသဘာဝအတိုင်းတည်ရှိ၏။
သို့ရာတွင် ဖေါ်ထုတ်ဟော ကြားမည့်သူမရှိလျှင် သတ္တဝါတို့မသိနိုင်။
ဗုဒ္ဓပွင့်တော်မူလာသောအခါမှသာ ထိုအနတ္တဓါတ်သဘောကို ဟောကြားတော်မူ၏။
ထို့ကြောင့် လူ နတ် ဗြဟ္မာတို့ သိရှိနားလည်ကြရလေ၏။


အနတ္တလက္ခဏာသုတ်အကျဉ်းချုပ်
(က) ခန္ဓာငါးပါးတို့၏ အနတ္တဖြစ်ပုံ
(ခ) ခန္ဓာငါးပါးတို့၏ အနစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပုံ၊
(ဂ) ဝိပဿနာပညာ၊ မဂ်ပညာဖြင့်ရှုမြင်ပုံ
(ဃ) ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် အဆင့်ဆင့်ဖြစ်ပုံ၊
(င) ပဉ္စဝဂ္ဂီရဟန်းတို့ ရဟန္တာဖြစ်ပုံဟူ၍ အပိုင်း(၅)ပိုင်းဖြင့်ဟောကြားထားပါ၏။
ဤ “ဝါဆိုလပြည့် ဓမ္မစကြာနေ့” တွင် မဂ်ဖိုလ်တရားထူးကိုလိုလားတောင့်တသော
သူတော် ကောင်း အမျိုးသား အမျိုးသမီးအပေါင်းတို့သည်
အနတ္တလက္ခဏသုတ်ကို(ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို အနစ္စ၊ အမြဲမရှိ၊
ဒုက္ခဆင်းရဲ၏၊ အနတ္တအစိုးမရ မလိုမလိုက်၊) “ ငါပိုင်သောပစ္စည်းမဟုတ်၊ ငါမဟုတ်၊
ငါ့ကိုယ်မဟုတ်” ဟု ဝိပဿနာဉာဏ်ပညာဖြင့် နေ့ညပွားများအားထုတ်၍ ခန္ဓာငါးပါး၌
အနတ္တလက္ခဏာထင်မြင်လျက်
အရဟတ္တဖိုလ်တိုင်အောင်ကြိုးစားအားထုတ်ကျင့်ကြံနိုင်ကြပါစေကုန် သတည်း။